Saturday, December 5, 2015

Paypal မှ Paypal ဘဲလား

          ကျွန်တော် အခု ကျွန်တော့် ရဲ့ Group တွေမှာ Paypal နဲ့ပတ်သက်ပြီး ငွေလွှဲတဲ့ကိစ္စ၊ ပစ္စည်းဝယ်တဲ့ကိစ္စ နဲ့ Account Verify ကိစ္စတွေ ပြောဆိုနေကြတာ၊ မေးနေကြတာတွေ တွေ့နေရပါတယ်။ Group ကသူငယ်ချင်းတွေထဲမှာ Paypal နဲ့ ပတ်သက်ပြီး အခုမှ စကြသူတွေ၊ နောက်ပိုင်းမှ အသစ်ရောက်လာကြမယ့် အဖွဲ့ဝင်သူတွေအတွက် ရည်ရွယ်ပြီး ဒီပိုစ့်ကို ရေးပေးလိုက်ပါတယ်။ ကျွန်တော်တွေ့ကြုံခဲ့ရတာကို အခြေခံပြီး ရေးတာကြောင့် အတွေ့အကြုံရှိပြီးသူတွေနဲ့ တူချင်မှ တူမှာပါ။ အဲဒါကလည်း Paypal ရဲ့ နိုင်ငံအလိုက် သူ့ရဲ့ Policy ကမတူတာကြောင့်ပါ။
          (၁)     Paypal မှာ အကောင့်ဖွင့်ဖို့ ဘာကြောင့်လိုသလဲ? မဖွင့်ရင်ကော ?
          (၂)     ကျွန်တော်တို့ နိုင်ငံက လူတွေ ( Online ပေါ်မှာ ငွေပို့လိုသူ၊ ငွေလက်ခံလိုသူ) အားလုံး လုပ်ထားဖို့လိုသလား?
          (၃)     ကျွန်တော်တို့ နိုင်ငံက လူတွေ Paypal အပြင် တစ်ခြားရွေးချယ်စရာ မရှိဘူးလား?
          အဲဒီ့မေးခွန်းတွေကို အခြေခံပြီး ကျွန်တော်ရှင်းပြသွားပါ့မယ်။
          (၁)     ကျွန်တော့်စိတ်ထင် Paypal ရောဂါက Online ပေါ်မှာ ဝင်ငွေရှာဖို့ အစရသွားရာကနေ စဖြစ်တယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လွန်ခဲ့တဲ့ (၄) နှစ်လောက်ကဆို (ကျွန်တော် ရောဂါစရတဲ့အချိန်) Paypal အကြောင်းကို သိဖို့ထား ရန်ကုန်လိုနေရာမှာ Paypal ဆိုတာကို ကြားတောင်မကြားဖူးကြဘူးဗျ။ ဒါ့နဲ့ စင်င်္ကာပူကအသိဆီ ဆက်သွယ်ပြီး Paypal Account ဖွင့်ချင်လို့ အကူအညီတောင်းတော့ သူကကိုယ့်ကိုပြန်မေးတာ Paypal ဆိုတာဘာလဲတဲ့ ဘဏ်လားဟင်? တဲ့ ဒါတောင်သူက ဟွန်ဒီလုပ်ငန်းလုပ်တဲ့သူနော်။
          ထားပါတော့..... Paypal ကို Online မှာ Game တွေ Application တွေကိုဝယ်ဖို့၊ Online Store တွေမှာ ကုန်ပစ္စည်းတွေဝယ်ဖို့အပြင် Online Making Money System တွေထဲက PTC (Paid To Click) ကြော်ငြာ, PTR (Paid To Read mail) နဲ့ Forex Trading တွေမှာအဓိကသုံးကြတယ်။ Facebook အောင်မြင်လာတာနဲ့အမျှ Paypal လည်း အသုံးဝင်လာတယ်။ Software Developer တွေကလည်း သူတို့ Software ကို ရောင်းပြီး ငွေကိုပြန်လက်ခံဖို့ Paypal ကိုသုံးလာကြတယ်။ ကြော်ငြာ ကုပ္မဏီတွေကလည်း Paypal ကို သုံးကြတယ်ပေါ့ဗျာ။
          ဒါဆို ကြော်ငြာနဲ့မကင်းတဲ့သူတွေ၊ Trading နဲ့မကင်းကြတဲ့သူတွေက Paypal နဲ့ မကင်းနိုင်ကြတော့ သူနဲ့ ပတ်သတ်လာရတော့တာပါဘဲ။ Paypal က အမေရိကန်အခြေစိုက်ဗျ အဲဒီ့တော့ ဟိုဒင်းနည်းနည်းကျယ်တာပေါ့ဗျာ။ (မမြင်ဘူးပါဘူး မှန်းကြည့်တာ)။ Facebook ရဲ့ စူဇကာပုဏ္ဍားကြီးနဲ့ အပေါင်းအသင်းဖြစ်သွားတော့ တိမ်တွေတောင် သူ့အောက်ရောက်သွားတယ်။ ဒါပေမယ့် သူ လွန်ခဲ့တဲ့ (၆)လလောက်က အမေရိကန်ရဲ့ စီးပွားရေး ပိတ်ဆို့မှုဒဏ်ခတ်ခံထားရတဲ့ နိုင်ငံတစ်ခုကို uncomfirm Transition တစ်ခု ခွင့်ပြုလိုက်မိလို့ ဒေါ်လာ သန်းနဲ့ချီပြီး အမေရိကန်အစိုးရကို ဒဏ်ငွေဆောင်လိုက်ရသေးတယ်။ ဒါတောင် သူရဲ့ Policy ကတော်တော်တင်းကြပ်ထားတာနော်။
          သူ့ဆီကနေတဆင့် ငွေလွှဲတဲ့ သူ့ရဲ့ verified user တစ်ယောက်အတွက် သူက အပြည့်အဝ အကာအကွယ်လုပ်ထားတယ်ဗျ။ ဥပမာ - ကိုယ်က သူ့ရဲ့ verified user ဖြစ်ပြီး တစ်ခြား တစ်ယောက်ဆီကို (သူ့ရဲ့ user မဟုတ်တဲ့သူဆီကို) ငွေပို့လို့ရတယ်။ ခွင့်ပြုထားတယ်။ ဒါပေမယ့် ငွေလက်ခံမယ့်သူကို Paypal က သူ့ဆီမှာ အရင်အကောင့်ဖွင့်ခိုင်းပြီး verify လုပ်ခိုင်းတယ်။ ပြီးမှ လွှဲပေးတာ။ ကိုယ်က ငွေလဲ လွှဲပေးလိုက်ပြီးပြီ တစ်ဖက်က ငွေရ မရ ဘာမှ အကြောင်းမပြန်လာဘူးဆိုရင် (၄၅ ရက်အတွင်းနော်) Complain တက်ခွင့်ပေးထားတယ်။ အဲဒီလို Complain(အမှု) တက်တာနဲ့ သူက ပထမအဆင့် နှစ်ယောက်စလုံးဆီကို Email ပို့ပြီး ကိုယ့်အချင်းချင်းအရင်ရှင်းကြဘဲ။ ပြေလည်သွားရင် သူ့ကိုပြန်အကြောင်းကြားပြီး ကိုယ့်ရဲ့ Complain(အမှု) ကို ပြန်ပိတ်ပေးရတယ်။ မပိတ်ပေးရင် သူက အမှုဖြစ်တဲ့ အကောင့်နှစ်ခုလုံးကို ငွေထုတ်ခွင့် ပိတ်ထားလိုက်တယ်။ ပြီးရင် Email နဲ့ မေးခွန်းတွေမေးတော့တာပါဘဲ။ ဖြေပေတော့ တစ်မုန်း။ ကိုယ့်အချင်းချင်းပြေလည်သွားလဲ မရတော့ဘူး အမှုစစ် စစ်တော့တာဘဲ။ ဖုန်းနဲ့ပါ ဆက်သေးတာဗျ။ မဖြေနိုင်လို့ကတော့ အဲဒီ့ နှစ်ကောင့်စလုံးကို ပိတ်လိုက်ပြီး ကိုယ့်မှာ ရှိတဲ့ လက်ကျန်ငွေကို (၆) လအကြာမှာ ကိုယ် Account လုပ်တုန်းက ဘဏ်ဆီ ပြန်ပို့ပေးတယ်။
          Paypal မှာ verify လုပ်ဖို့ဆိုရင် ဘဏ်စာရင်းတစ်ခု တင်ပြရတယ်ဗျ။ ကိုယ်တင်ပြတဲ့ ဘဏ်စာရင်းဆီကို သူက သူ့ငွေကို အရင်လွှဲပေးတယ် Amount နှစ်ခုပေါ့။ ဥပမာ - ၀.၁၂ တစ်ခု၊ ၀.၄၃ တစ်ခုဆိုပါတော့။ ကိုယ့်ဘဏ် Account ထဲကိုဝင်လာတဲ့ အဲဒီ့ ပမာဏကို သူ့ဆီမှာ ပြန်ပြောပြရတယ်။ မှန်သွားပြီဆို ကိုယ့် က Verified ဖြစ်ပြီ။
          နောက်တစ်ခုက သူငွေလွှဲတဲ့ စနစ်။ ကိုယ်က Account verified ဖြစ်သွားပြီး ငွေ (၁၀၀) စလွှဲတယ်ဆိုပါတော့။ သူ့အကောင့်ထဲမှာတော့ ပိုက်ဆံမရှိသေးဘူး။ ဘဏ်ထဲမှာတော့ပိုက်ဆံရှိတယ်ပေါ့။ Paypal က အဲဒီ့ ဘဏ်ထဲကနေ သူ့အတွက် ငွေလွှဲခပါပေါင်းထုတ်ပြီး လွှဲပေးလိုက်တာဘဲ။ ကိုယ်လွှဲလိုက်တဲ့သူဆီက ကိုယ့်ကိစ္စပြီးလို့ ငွေပြန်ပို့လာရင် Paypal က အဲဒီ့ငွေ (၁၀၀) ကို မကိုင်ထားဘူး ကိုယ့်ဘဏ်ထဲကို ပြန်ထဲ့ပေးတာ။ ကိုယ့်ဘဏ်ကမထွက်တဲ့ ပိုက်ဆံဝင်လာမှ သူ့ထဲမှာထားထားတာ။
          နောက်ပိုင်းမှာ Paypal က စည်းကမ်းတင်းကြပ်တာရယ် ငွေလွှဲခ များတာရယ်ကြောင့် တစ်ချို့ Website တွေက Visa, Master ကဒ်တွေနဲ့ တိုက်ရိုက် ငွေလက်ခံလာကြတယ်။ ပြဿလာနာဖြစ်ရင်တော့ Paypal လိုမျိုး Complain တက်လို့မရတဲ့ အားနည်းချက်တော့ ရှိလာတယ်။
          ကျွန်တော့တုန်းကဆိုရင် ကျွန်တော့အကောင့်က Verified ဖြစ်ပြီးသား၊ ကျွန်တော်နဲ့ ရင်းနှီးတဲ့ ညီငယ်တစ်ယောက်ကို Paypal Account ဖွင့်ပေးလိုက်တာ သူလဲ Verified ဖြစ်နေပြီ။ ဒါနဲ့ သူက ငွေစမ်းလွှဲကြည့်မယ်အစ်ကိုတဲ့... အေးပေါ့။ အဲဒီ့မှာသူက ကျွန်တော့အကောင့်ကို ၁၅၀ ပို့ချလိုက်တယ်။ ချက်ခြင်းဘဲ ရောက်ပါတယ်။ လွှဲပြီးတော့ သူလဲပျော်လို့။ လွှဲပြီး (၂) နာရီလောက်တော့ကြာမယ်ထင်တယ်။ သူ့အကောင့်ပြန်ဝင်တော့ Suspend ဖြစ်သွားပြီ။ Reason က သူလွှဲလိုက်တဲ့ သူ(ကျွန်တော်) က၊ သူနဲ့ တစ်ခါမှ ငွေအလွှဲအပြောင်းမလုပ်ဘူးဘဲနဲ့ (၁၅၀) လွှဲလိုက်လို့တဲ့၊ သူတို့ စုံစမ်းစစ်ဆေးမှုတွေ မပြီးမချင်း ငွေဝင်ခွင့်ဘဲ ရတော့မယ်တဲ့။ ငွေထုတ်ခွင့်ကို ပိတ်ထားလိုက်တယ်။ ဒါနဲ့ ကျွန်တော် ၁၅၀ ကိုချက်ခြင်းပြန်ပို့ပေးလည်းမရတော့ဘူး။ ဖုံးတွေဆက် မေးခွန်းတွေမေးနဲ့ ကြာတော့မဖြေနိုင်တော့ ကောင်လေးရဲ့ အကောင့်ကို ပိတ်လိုက်တယ်။ Email နဲ့အကြောင်းကြားတယ် အကောင့်ကို ပိတ်လိုက်ပြီတဲ့၊ နောက်(၆)လ ကြာရင် သူ့အကောင့်ထဲကပိုက်ဆံကို သူ့ဘဏ်ထဲ ပြန်ပို့ပေးမယ်တဲ့။ ဘာမှပြန်ပြောလို့ မရတော့ဘူး။
          နောက် Bitcoin (BTC) ကိစ္စ။ BTC က National Currency မဟုတ်ဘူး။ ဘယ်တိုင်းပြည်ကမှ မပိုင်ဘူး။ Open Source Currency တစ်ခုဘဲ Japan ကြီး ဆာတိုရှီက Fund လုပ်ပြီး ဖန်တီးခဲ့တာ။ ဒါကြောင့် BTC ကို လွှဲတဲ့နေရာမှာ ကိုယ်က လွှဲပြီဆိုတာနဲ့ Block တွေ Comfirmation တွေနဲ့သွားတာ၊ ပြန်တားဖို့ မလွယ်တော့ဘူး။ ကိုယ်ပို့လိုက်တဲ့ လိပ်စာအတိုင်းသွားတော့တာဘဲ။ ပြန်လိုချင်ရင် ကိုယ်ပို့လိုက်တဲ့ လိပ်စာရှင်က ပြန်ပို့မှဘဲ ရတော့မှာ။ ဘယ်မှာမှ Complain သွားတက်လို့မရသလို လမ်းမှာ ဖြတ်တားလို့လည်းမရဘူး။ Paypal ရဲ့ Policy နဲ့ အဲဒီ့မှာငြိသွားပြီ။ ဒါကြောင့် Paypal က သူ့ အကောင့်နဲ့ Bitcoin ကိုဝယ်ဖို့ လက်မခံသလို၊ Bitcoin ကနေ သူ့ဆီဝင်တာလည်းလက်မခံတာ။ Bitcoin ပမာဏတစ်ခုကို လွှဲလိုက်ရင် Block Chain မှာသွားလေ့လာကြည့် တစ်ခါတစ်လေ ကိုယ်က လိပ်စာတစ်ခုကို ကိုယ့်လိပ်စာနဲ့တော့ ပို့လိုက်တာဘဲ တစ်ဖက်မှာ ဝင်သွားတာက လိပ်စာမျိုးစုံ Multi Address နဲ့။
          ကဲ .... ဒီတော့ Paypal အကောင့်တစ်ခုဖွင့်ဖို့ လိုမလိုဆိုတာ ကိုယ်လုပ်မယ့် လုပ်ငန်းနဲ့ ချိန်ပြီးမှ စဉ်းစား၊ ကွန်ပျူတာတစ်လုံး ဝယ်ဖို့ စဉ်းစားသလိုပေါ့။
          (၂)     အခုလက်ရှိ ကျွန်တော်တို့ တိုင်းပြည်က အမေရိကန်နိုင်ငံရဲ့ Sections ရှိနေသေးတယ်။ တိုင်းပြည်ရဲ့ Policy က အခုမှ စပြောင်းမှာ ( သုညကတောင်မဟုတ်ဘူး - နဲ့)။ အကောင့်အတွက် နိုင်ငံခြားကဘဏ်၊ နိုင်ငံခြားက Visa , Mastercard တွေနဲ့ ဆိုတော့ တစ်ခုခု လွဲရင် ဘယ်လိုဖြေရှင်းမလဲ။ အကောင့်ပိတ်ခံရလို့ ပိုက်ဆံပြန်ရတယ်ဆိုတာတောင် (၆) လလောက်က ငုတ်တုတ်မေ့ပြီ။ Neobux လို့ခ်ါတဲ့ PTC ကငွေထုတ်ဘူးတဲ့သူတွေဆို သိလိမ့်မယ်။ မြန်မာIP နဲ့ဆို ပေးကိုမထုတ်တာ။ အဲဒီမှာ IP အတွက် ကျော်ကြ ခွကြရပြီ။ Paypal ကအောင်မြင်လာတော့ သူ့လို ဘဲ ငွေလွှဲစနစ်ကို လိုက်လုပ်လာကြတဲ့ Site တွေအခုဆို အများကြီးဘဲ။ Perfect Money ဆိုကြည့် အမေရိကန် Policy ကိုမလိုက်နာတော့ အမေရိကန် လေဘာတီက သူ့ကိုဆော်တယ်။ PM ကအေးအေးဆေးဆေးဘဲ .com ကနေ .is ပြောင်းပြီး ဆက် လုပ်တယ်။ အခုဆို PM က Paypal ထက်တောင် ပိုအောင်မြင်လာပြီ။ Paypal ကိုကြတော့ သုံးတဲ့သူတွေက စိတ်တော့ချတယ်၊ ဒါပေမယ့် နဲနဲမှားတာနဲ့ ဖြေရှင်းရတာတွေကြောင့် သုံးရတာလန့်လာကြတယ်။ ကျွန်တော်တို့ နိုင်ငံမှာ အခုဆို Myanpay ဆိုတာပေါ်လာပြီ။ ကျွန်တော်တို့မှာ ရွေးချယ်စရာ ရလာပြီ။ ကျွန်တော်တို့ တိုင်းပြည်ကို တရားဝင် အကောင့်တွေ ဖွင့်ခွင့်မပြုထားပေမယ့် မရမက လုပ်ထားကြလို့ Paypal Verified ဖြစ်နေတဲ့ အကောင့်ပိုင်ရှင်တွေထဲမှာ ကျွန်တော်လည်းပါပါတယ်။ သူများတွေတော့မသိဘူး ကျွန်တော်တော့ တစ်ခါတစ်ခါ မဲဆောက်ပြေးပြေးနေရတာ ကြာတော့ စိတ်ပျက်လာပြီ။ မသွားလည်းရတော့ရတယ် ဒီက ATM တွေမှာတန်းထုတ်ယုံဘဲ။ Fee ကတော့ ခင်ဗျားတို့ကိုယ်တိုင် ထုတ်ဖူးရင်သိလိမ့်မယ်။ ကျွန်တော့မှာဆို Visa Card တစ်ခုစီနဲ့ ချိတ်ထားတဲ့ အကောင့် (၃) ခုတောင်ရှိတယ်။ လိုချင်ရင်ပြော Visa Card ပါ ပေးလိုက်ဦးမယ် (btc နဲ့လဲပေးမယ်)။ တစ်ချို့ကတော့ မဖြစ်မနေ လိုအပ်တဲ့ အကြောင်းတွေရှိပါတယ်။ ရိုးရိုး PTC တို့ PTR တို့ Trading တို့ နဲ့ Online Store မှာ ဈေးဝယ်ယုံကတော့ ကျွန်တော်တို့ နိုင်ငံရဲ့ လက်ရှိအခြေအနေနဲ့ ကိုက်ညီတဲ့ စိတ်လည်းချရတဲ့ Wallet တွေရှိပါတယ်။
          (၃)     တစ်ခြား ကိုရွေးဖို့က လူတစ်ကိုယ်အကြိုက်တစ်မျိုးစီဆိုတော့ ကျွန်တော်အခုပြောင်းလိုက်တဲ့ လမ်းကြောင်းကိုဘဲ နမူနာပေးလိုက်မယ်။ တစ်ခြားရွေးစရာလမ်းကြောင်းတွေထဲက တစ်ခုဆိုပါတော့။ ကျွန်တော်က CB ဘဏ် ကိုသုံးပြီး Myanpay ထဲကို ငွေထည့်ထားလိုက်တယ်။ US ငွေချေစရာ ရှိရင် vodaexchange ခံပြီး Perfect Money ထဲကို ထည့်ပေးပြီးငွေချေတယ်။ Bitcoin တို့ Dogecoin တို့နဲ့ တစ်ခြား e-currencies ကိုလိုရင် ကျွန်တော့ blog စာမျက်နှာရဲ့ အပေါ်ညာဘက်အခြမ်းမှာတင်ထားတဲ့ Exchanger ကနေ ပြောင်းတယ်။ Paypal နဲ့လား ရပါတယ်။ bx.in.th ဆိုတဲ့ Exchange Site ကို Dogecoin ပို့လိုက်တယ် အဲဒီ့ကနေ Paypal ဆီကိုသွားပေါ့။ Dogecoin လား? ကိုယ့်ကွန်ပျူတာ ထဲမှာပေါ့။ အဲဒီ့လမ်းကြောင်းအတိုင်း ထွက်သွားတဲ့ငွေ ကို အဲဒီ့လမ်းကြောင်းအတိုင်း နောက်ပြန်လှည့်ရင် CB ဘဏ်ကို ရောက် MPU ကဒ်နဲ့ ATM မှာ ထုတ်။
          သိပ်လည်း အထင်မကြီးနဲ့ဦး သိထားတာ မျှဝေလို့ မနေ့က Group က Admin က ကိုယ့်ကို ဘေနဲ့ ဂိတ်လိုက်တာ ခေါင်းမှာတောင် ဘုထွက်သွားတယ်။ ပြန်စဉ်းစားရင် ခုထိတောင် နာနေတုန်းဘဲ။ ဘာလို့လဲ...... ဟုတ်လား .... ကိုယ်ထိုင်တဲ့ နေရာရဲ့ အပေါ်တဲ့တဲ့မှာ ထုတ်တန်းတစ်ချောင်းရှိနေလို့ ........
အားလုံး အစဉ်ပြေကြပါစေ။ 







No comments:

Post a Comment