Wednesday, January 6, 2016

Forex Trading အတွက် ကျန်တဲ့ Indicator လေးများ

ကိုရီးယားကားကြည့်ရသလို ဖြစ်နေကြမှာ စိုးလို့ ဆက်တင်ပေးလိုက်ပါတယ်။

Forex Trade အတွက် ကျန်တဲ့ Indicator လေးများ
          Parabolic SAR (Stop And Reversal) -     ဈေးကွက်တစ်ခုကို ကိုယ်က စ ဝင်တော့မယ်လို့ ဆုံးဖြတ်ဖို့ (တနည်း) ဈေးကွက်တစ်ခုကို ဝယ်ဖို့/ရောင်းဖို့ဆုံးဖြတ်ဖို့ ဆိုရင် SAR Indicator က အရေးပါတဲ့၊ နီးစပ်မှုရှိတဲ့ အခြေအနေကို ဖော်ပြပေးနိုင်တဲ့ Indicator တစ်ခုပါ။ SAR Line ကအစက်လေးတွေဟာ Market တစ်ခုရဲ့ အပေါ်ကနေရှိနေပြီဆိုရင် ဒါဟာ ဈေးကျတော့မယ် Sell position ကိုယူသင့်ပြီလို့ ယူဆနိုင်တယ်။ ဒီလိုဘဲ SAR Line က Market ရဲ့ အောက်ကရှိနေရင်တော့ Buy position ကို ယူတော့လို့ မှတ်ပေါ့။ ဒီနေရာမှာ SAR Line အတွက် အစက်တွေကို ချိန်ထားရာမှာ မိမိစိတ်ကြိုက် ချိန်ထားလို့ရတယ်ဆိုပေမယ့် အစက်တွေရဲ့ အကွာအဝေးကို 0.01 ထက် လျှော့ပြီးလည်း မချိန်ထားသင့်ဘူးဗျ။ နောက်ပြီး 0.2 ထက်လည်း ပိုပြီးမချိန်သင့်ဘူး။ ကျွန်တော့်အထင်နော်။ 0.2 ထက်ပိုတဲ့ အကွာအဝေးကို ချိန်ထားရင် ဈေးကွက်ကို ခန့်မှန်းတဲ့နေရာမှာ Reversal ပိုများတော့ ခန့်မှန်းရလည်း ခက်သွားတယ်။ မနီးစပ်တော့ဘူးပေါ့။ ပုံမှာကျွန်တော် အစိမ်းရောင်အစက်တွေနဲ့ ပြထားပေးတယ်။ ကျွန်တော် ပထမတော့ သေချာ ချိန်ပြမလို့ပါဘဲ ဒါပေမယ့် ဒီနေ့မှာ ကျွန်တော် USD/JPY အတွဲ အတွက် ချိန်နေတုန်းမို့ လက်ရှိအနေအထားကိုဘဲ ပုံတင်ပေးလိုက်တာပါ။






          နောက်ထပ် အသုံးများတဲ့ Indicator နှစ်ခုကတော့ MACD ( Moving Average Convergence Divergence) နဲ့ SSO (Slow Stochastic Oscillator) တို့ပါဘဲ။ ဒီနှစ်ခုရဲ့ ကြည့်ရမယ့်ပုံစံက တော်တော်တူနေလို့ ကျွန်တော်က နှစ်ခုကို ပေါင်းပြီး ရှင်းပြသွားမယ်။
          MACD ( Moving Average Convergence Divergence) -     ဈေးကွက်တစ်ခုရဲ့ ပြီးခဲ့တဲ့ (12) ရက်စာနဲ့ (26) ရက်စာ ကို နှိုင်းယှဉ်ပြီး တွက်ထားတာကို ပြတာ MACD ဘဲ။ ပုံမှာ ကျွန်တော်က အနီရောင်လိုင်းနဲ့၊ အပြာရောင်လိုင်း ဆိုပြီး ပြထားပေးတယ်။ ဒီနေ့အတွက် USD/JPY အတွဲရဲ့ အခြေအနေပါ။တကယ်တန်းဆိုရင် MACD က SMA ထက်ပိုပြီး ဈေးကွက်ကို ခန့်မှန်းတဲ့ နေရာမှာ ပိုတိကျတဲ့ Result ကို ရနိုင်တယ်။



        ဘယ်လိုသုံးမှာလဲ? …. အဲဒီ့လိုင်းတွေ နှစ်ခုစလုံး (0) ရဲ့အထက်မှာ ရှိနေပြီဆိုရင် Buy position ကိုယူဖို့ ညွှန်နေပြီး (0) ရဲ့အောက်မှာရောက်နေရင် Sell position ကိုယူတော့လို့ ပြနေတယ်လို့ မှတ်သင့်တယ်။ နောက်တစ်ခုက အပြာရောင်လိုင်း သူကအနီရောင်လိုင်းကိုဖြတ်ပြီး အပေါ်ကိုဦးတည်ပြီဆိုရင် ဈေးတက်တော့မယ် Buy ဝယ်တော့ပေါ့။ အောက်ဘက်ကို ဦးတည်ပြီဆိုရင်တော့ ဈေးကျတော့မယ် Sell ပေါ့။
          Slow Stochastic Oscillator - သူကတော့ MACD ရဲ့ (0) လိုင်းကို ကြည့်ရမယ့်နေရာမှာ (50) Line ကို မူတည်ပြီးကြည့်ရတာကလွဲရင် ကျန်တဲ့ သဘောတရားက အတူတူပါဘဲ။ သူ့မှာ ကြည့်ရမှာက (80) ထက်ကို ကျော်နေပြီဆိုရင် ဝယ်လိုအားသိပ်များနေပြီဆိုတာ သဘောပေါက်ရတော့မယ်။ နောက်ပြီး (20) အောက်ကို ရောက်နေပြီဆိုရင်လည်း ရောင်းလိုအားတွေ သိပ်များနေပြီဆိုတာ သိရတော့မယ်။
        ရှုပ်ကုန်ကြပြီထင်တယ်။ တစ်ခု၊ နှစ်ခုဆို တော်ရောပေါ့ … အခုတော့ တစ်မျိုးပြီး၊ တစ်မျိုးတိုးလာနေတယ်လား?
        ကျွန်တော်တို့ (စက်မှု) ကျောင်းသားဘဝက C အုပ်စုတွေ (Currencies မဟုတ်ဘူးနော် Civil တွေ) ညဘက် အဆောင်မှာစုပြီး P လုပ်ကြတယ် (Profit မဟုတ်ဘူး ဖဲခိုးရိုက်ကြတာ)၊ ဆရာမတွေလာဖမ်းမှာစိုးလို့ အစီအမံ (Indicator) (၄) ခုထားပြီးချတာ။ (S) စောင့်ကြည့်ကင်းထားတယ်၊ (M) မီးပိတ်ပြီးဖယောင်းတိုင်ထွန်းတယ်၊ (S) စောင်နဲ့ကာထားတယ်၊ (R) အော်ပြီးသတိပေးဖို့ (အဆောင်ပြင်မှာ စာကျက်နေသူကို) မှာထားတယ်။ ဒါပေမယ့်ဗျာ ဘယ်လိုဖြစ်တယ်မသိဘူး ဖဲမဲ မဲနေကြတာ အဆောင်အဝင် တံခါးဝကနေ ‘ ဟေ့ ကောင်တွေ …. တစ်ကောင်မှ မပြေးနဲ့ ’ ဆိုတဲ့ ကျောင်းအုပ်ဆရာမကြီးရဲ့ အသံကြားမှဘဲ ဝရုန်းသုံးကားနဲ့ အားလုံး ထွက်ပြေးဖို့ လုပ်တော့ ပြူတင်းပေါက်တွေဘက်မှာလည်း ဆရာမတွေနဲ့ ဆိုတော့ ပြာကုန်ပြီ။ ဒါနဲ့ အုပ်စုထဲကတစ်ယောက်က နောက်ဆုံးကြံရာမရဖြစ်ပြီး ‘ ဟေ့ ကောင်တွေ မျက်နှာကိုဘဲမှတ်မိတာ ဒါကိုတော့ မမှတ်မိနိုင်ဘူးကွ ‘ လို့ အော်ပြီး ဝတ်ထားတဲ့ ပုဆိုးကို အောက်ကနေ အပေါ်ဆွဲလှန်ပြီး မျက်နှာကိုအုပ်၊ နောက်ဆုံးလက်နက်ဖြစ်တဲ့ (P) နဲ့ ပြေးကြတာ အားလုံးလွတ်လာတော့တာဘဲ။ လာဖမ်းကြတာက ဆရာမတွေကြီးဘဲလေ။ ပြီးတော့ ကျောင်းမှာ ဆရာက နှစ်ယောက်ဘဲရှိတာ။
        ခေါင်းတွေခြောက်မှာစိုးလို့ ပေါ့ပေါ့ပါးပါး ကိုယ်တွေ့ ရယ်စရာလေးပြန်ပြောပြတာပါ။ ပြန်ဆက်ရအောင် - Technical Analysis (TA) အတွက် Indicators တွေနဲ့ Market တစ်ခုကို ဘာဖြစ်လာနိုင်မလဲလို့ ခန့်မှန်းရင် အပေါ်မှာပြောခဲ့တဲ့ Indicator တွေကို တစ်ခုထဲကြည့်ပြီး ဆုံးဖြတ်လို့မရဘူးဆိုတာ ပြောချင်တာ အဓိကဘဲ။ ဖြစ်နိုင်ရင် Indicator (၅) မျိုးလုံးကို ကြည့်ပြီးမှ (၅) ခုလုံးရဲ့ Signical က Buy ကိုပြနေပြီဆိုမှ Buy လုပ်ပြီး၊ (၅) ခုလုံးရဲ့ Signical က Sell ကိုပြနေပြီဆိုမှ Sell လုပ်တာဟာ Market တစ်ခုအတွက် ၈၅% မှန်အောင် ခန့်မှန်းနိုင်မှာဘဲ။ ဒါတောင် ၁၅% ကျန်နေသေးတယ်နော်။
        နောက်ပိုစ့် ရောက်မှ အဲဒီ့ (၅)ခုဖြစ်တဲ့ -
                (၁)    SMA (Simple Moving Average)
                (၂)    RSI (Relative Strength Index)
                (၃)    Parabolic SAR (Stop And Reversal)
                (၄)    MACD ( Moving Average Convergence Divergence) နဲ့
                (၅)    SSO (Slow Stochastic Oscillator) တို့ကို Chart Diagram တွေနဲ့အတူ ဆက်ကြတာပေါ့။
        အားလုံးဘဲ .... Online ပေါ်မှာ လိမ်ညာခံရခြင်းကင်းကင်းနဲ့ အပိုဝင်ငွေ ရှာနိုင်ကြပါစေ။

No comments:

Post a Comment